လူအများ စောင်ခြုံနှပ်ပြီး အိပ်မက်မက် ကောင်းနေတုန်း မနက်အစောကြီး ထရသည့်
ဘဝသည် ဘတ်ဒီဟုခ်ျအဘို့ ဘယ်လ်ဂျီယံတွင် ကလေးဘဝကတဲက စခဲ့ခြင်းဖြစ်သည်။
အစကတော့ မုန့်ဖုတ်သမားလုပ်မလား၊ လေယဉ်မှူး လုပ်မလားဟု စဉ်းစားခဲ့သေးသည်။
နောက်ဆုံးတော့ လေယဉ်မှူးပဲ လုပ်ရန် သူဆုံးဖြတ်ခဲ့သည်။ ယိုနှင့်
အစာသွပ်မုန့်များ ဖုတ်နေရတာထက်စာလျှင် မီးပုံပျံစီး လေသူရဲ လုပ်ရတာက
ပိုနှစ်သက်ဖွယ်ဖြစ်သည်။ သူ့အလုပ်က အစောကြီးထရတာ ရှိသော်လည်း ခရီးသွားရန်
အခွင့်အလမ်းလည်းရသည်။ မြန်မာပြည်သို့ ရောက်မလာခင် အဆိုပါ အသက် ၄၁ နှစ်အရွယ်
မီးပုံးပျံလေသူရဲ မစ္စတာဟုခ်ျသည် ပြင်သစ်၊ နယူးဇီလန်၊ ကင်ညာ၊
စကော့တလန်တို့တွင် မီးပုံးပျံစီးခဲ့ပြီး လှပသော အပေါ်စီးမြင်ကွင်းများကို
ကြည့်ရှုခွင့်ရခဲ့သည်။ ယခုတော့ မြန်မာပြည် ပုဂံတွင် သူမီးပုံးပျံစီးနေသည်။
ယင်းသည် မြန်မာနိုင်ငံရှိ မီးပုံးပျံ လုပ်ငန်း ၃ ခုအနက်
အကြီးဆုံးလည်းဖြစ်သည်။ သူ့တွင် မြန်မာလူမျိုး ဝန်ထမ်း ၁၇၀ ရှိပြီး ကမ္ဘာ
အရပ်ရပ်မှ မီးပုံးပျံလေသူရဲ ၁၆ ဦးရှိသည်။ ဘုရာပုထိုးပေါများသော ပုဂံတွင်
အံ့သြရှုမောဖွယ် မီးပုံးပျံခရီးစဉ် တစ်ခုအပြီး မဇ္ဈိမ မှ TheresaHenne က
မစ္စတာဒီဟုခ်ျကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ မီးပုံးပျံ လေသူရဲ တဦးဖြစ်လာဖို့ ဘာလို့ဆုံးဖြတ်ရွေးချယ်ခဲ့တာလဲ။
ဖြေ။ ။ တကယ်တော့
ဒီအလုပ်ကိုစခဲ့တာ ကျွန်တော့အဖေဗျ။ သူက မီးပုံးပျံစီးလေ့ရှိတယ်။
သူကိုယ်တိုင်လုပ်တဲ့ မီးပုံးပျံတောင်စီးတယ်။ တနေ့တော့ သူကကျွန်တော့်ကို
မင်းကောစီးမလားလို့မေးတယ်။ စီးမှာပေါ့လို့ ပြန်ဖြေလိုက်တာပေါ့။ အဲဒီ့တုန်းက
အသက်က ၁၈ နှစ်ပဲရှိသေးတယ်။ ကဲဒီတော့ ခင်ဗျားဘာပြောဦးမလဲလို့
ကျွန်တော်မေးလိုက်တယ်။ သူလဲဘာမှ မပြောတော့ဘူး။ ဒါနဲ့ ကျွန်တော်လည်း
ဆက်စီးနေလိုက်တာပဲ။
မေး။ ။ ခင်ဗျားမှာ လေယဉ်မောင်းခွင့် လိုင်စစ်ရော ရှိသလား။
ဖြေ။ ။ ကျွန်တော့်လိုင်စင်က
မီးပုံးပျံစီးခွင့်ပဲရှိပါတယ်။ မီးပုံးပျံစီးဖို့ နည်းပညာပိုင်းက
သိပ်ရှုပ်ထွေး တာလဲမဟုတ်ပါဘူး။ သဘောတရားရေးပိုင်းကတော့ လေယဉ်နဲ့ မီးပုံးပျံ
လုံးဝတူတူပါပဲ။ လေပိုင်နက် တခုထဲ ပျံသန်းနေရင် ကိုယ်ဘာလုပ်နေတယ်ဆိုတာ
သိဖို့လိုတာပေါ့။
မေး။ ။ ခင်ဗျားရဲ့ တနေ့တာ လုပ်ငန်းခွင်က ဘယ်လိုစတာလဲ။
ဖြေ။ ။
နေထွက်ချိန်မှာ စတာပဲ။ အခုအချိန်မှာတော့ ကျွန်တော်က နဲနဲလေး စောစောထရတယ်။
လေးနာရီမထိုးခင်ထပြီး ကျွန်တော့် လုပ်ဖော်ကိုင်ဘက်တွေနဲ့
မီးပုံးပျံထားရာနေရာကို သွားတွေ့ရတယ်။ အဲဒီမှာ မီးပုံးပျံကိုစစ်ဆေးရတယ်။
လေတိုက်ခတ်မှု အခြေအနေတွေကို လေ့လာရ တယ်။ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာအရပ်
စတာတွေကို ကြည့်ရှုမှတ်သားရတယ်။ လေထဲ ရောက်သွားရင် မီးပုံးပျံကို
ဘယ်ဘက်သွားပါဆိုပြီး ထိန်းချုပ်လို့ မရတော့ဘူး။ ဒါပေမဲ့ ဘယ်နေရာက စပျံမယ်
တက်မယ်ဆိုတာတော့ ကျွန်တော်တို့ဆုံးဖြတ်လို့ရတယ်။ ဒီအချက်အလက်တွေ
ပေါ်မူတည်ပြီး ဘယ်နေရာက စမယ်ဆိုတာ ရွေးချယ်ရတယ်။ ဒါမှ ခရီးသည်တွေလည်း
ဘုရားတွေ များများ မြင်နိုင်သလောက် မြင်ရမှာ။
ဒါကြောင့် ကျွန်တော်တို့စောစောပဲထ ပျံတာ။ ဒီမှာက နေ့ခင်းဆို
အလွန်ပူတယ်လေ။ အပူချိန် မတူတာ အပူချိန်အပြောင်းအလဲ ဖြစ်တာတွေကြောင့်
ကိုယ့်ဆန္ဒအတိုင်း မဟုတ်ဘဲ မီးပုံးပျံက တက်တာ ဆင်းတာတွေဖြစ်တတ်တယ်။
ဒါတွေကြောင့်ပဲ မနက်စောစော ထနေရတာပေါ့ဗျာ။ ဒါကတော့ ကံဆိုးတာပါပဲ။
မေး။ ။ မီးပုံးပျံစီးရတာ မြန်မာနိုင်ငံနဲ့ တခြားနိုင်ငံတွေ ဘာကွာသပါလဲ။
ဖြေ။ ။ ဒီမှာ
မီးပုံးပျံစီးတဲ့အခါ အဆုံးအဖြတ်ချရတာ သိပ်သတိထားရတယ်။ ဥရောပနဲ့မတူဘူး။
ဟိုမှာက လယ်ကွင်းပြင်ကျယ်ကြီးတွေရှိတယ်။ ဒါကြောင့်လေနည်းနည်းတိုက်ရင်ကို
စီးလို့ရတယ်။ မီး ပုံပျံဆင်းစရာနေရာ အများကြီးရှိတယ်။ ဒီမှာတော့
လယ်ကွင်းတွေကလည်းသေးတယ်။ တောင်တွေ၊ မြစ်တွေ၊ ဘုရားပုထိုးတွေ
အများကြီးရှိနေတယ်။ တခြားကိုယ်လိုပဲ ပျံသန်းနေတဲ့ မီးပုံးပျံတွေလည်း
ရှိသေးတယ်။
တချို့နေရာတွေကျတော့ အန္တရာယ်ကင်းကင်း ဆင်းလို့တော့ရပါရဲ့၊ ဒီကိုပြန်လာဖို့ လမ်းမရှိဘူး။ ဒီတော့ ထည့်သွင်းစဉ်းစားစရာတွေက များတယ်။
မေး။ ။ မီးပုံးပျံကို ကိုယ်လိုရာ ပဲ့ထိန်းပျံသန်းလို့ မရဘူးလားရှင့်။
ဖြေ။ ။
ကျွန်တော်တို့လုပ်လို့ရတာ ပျံသန်းနေတဲ့အမြင့်ပေကိုပဲ
အပြောင်းအလဲလုပ်လို့ရတယ်။ ကိုယ်လိုချင်တဲ့ လေထုအလွှာကို ပြောင်းရတာပေါ့။
တကယ်တော့ ပုဂံဘုရားတွေရှိတဲ့ဇုံထဲမှာ ကွေ့ကောက်ပြီး
မြွေလိမ်မြွေကောက်ပျံရတာပါ။ ဆင်းမယ်လို့ ကိုယ်ရည်မှန်းထားတဲ့နေရာကို
ကိုယ့်အဖွဲ့သားတွေ ကြိုလွှတ်ထားရတယ်။ ဒီနေ့မနက်လည်း သူတို့အဲဒီနေရာမှာ
ရောက်နေပါ ပြီ။ ဒီတော့အဆင်ပြေပါတယ်။
မေး။ ။ ကိုယ့်အလုပ်မှာ ပျင်းရိငြီးငွေ့တာမျိုးကော ဖြစ်ဖူးသလား။
ဖြေ။ ။
တချို့လူတွေကလည်း ဒီလိုမေးခွန်းမျိုး မေးတတ်ကြတယ်။ မီးပုံးပျံစီးနေရတာ
မငြီးငွေ့ဘူးလားပေါ့။ ဒါနဲ့ ကျွန်တော်လည်း သူတို့ကို ခင်ဗျားတို့လည်း
ဝမ်းရေးအတွက် ဘာအလုပ်တွေ လုပ်နေပါသလဲလို့ ပြန်မေးလိုက်တယ်။ ဒီတော့
သူတို့လည်း ငြိမ်သွားရော ဘာမှဆက်မပြောတော့ဘူး။ ဒါ အလုပ်ပါပဲဗျာ။
ခင်ဗျားအနေနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တာပေါ့။ ပျံသန်းမှုတိုင်း တခု
နဲ့တခုမတူဘူး။ ဂရုစိုက်ဖို့လိုတာချည်းပဲ။ ဒီအလုပ်က
ကျွန်တော်တို့ကိုအမြဲထက်မြက်နေအောင် လုပ်ထားတယ်။
မေး။ ။ မမျှော်လင့်တဲ့ အဖြစ်အပျက်တွေ အန္တရာယ်တွေနဲ့ရော တွေ့ကြုံခဲ့ဖူးသေးလား။
ဖြေ။ ။
ကံကောင်းတာက ကျွန်တော်က အဲဒီလို ထူးထူးခြားခြားပျံသန်းမှုတွေအများကြီးနဲ့
မကြုံဖူးပါဘူး။ ကျွန်တော်တို့အလုပ်က ရာသီဥတုပေါ် အများကြီးမူတည်နေတာ။
စပျံတက်သွားတုံးကတော့ တကယ့်ကို လေကငြိမ်ငြိမ်၊ ရာသီဥတုက ကောင်းကောင်းနဲ့
အခက်အခဲမရှိ ပျံတက်သွားနိုင်ခဲ့ပေမဲ့ လမ်းတ၀က်ရောက်မှ လေပြင်းနဲ့
တိုးတာမျိုးလည်းရှိတယ်။ ဒီတော့မကြာခဏပဲ မီးပုံးပျံတွေ
မြစ်ကမ်းစပ်သောင်ပြင်ပေါ် ထိုးဆင်းရတာမျိုးတွေရှိတယ်။ အဲဒီမှာတော့
ဘုရားပုထိုးတွေ၊ သစ်ပင်တွေ အခြားအတားအဆီးတွေမရှိဘူး။ ဝင်တိုက်မိစရာမရှိဘူး။
လှေတစင်းငှါးပြီး ပြန်လာရုံပဲ။ ဒီအလုပ်က တကယ့်ကို
စွန့်စားခန်းအပြည့်နဲ့ပါ။
http://www.mizzimaburmese.com/component/k2/item/42696-bart-d-hooge
No comments:
Post a Comment