Thursday, April 2, 2015

အပစ်အခတ်ရပ်စဲရေး (မူကြမ်း)လက်မှတ်ရေးထိုးနိုင်မှုအပေါ် " အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားကြေညာချက် "

၂၀၁၅ခုနှစ်၊ ဧပြီလ(၂) ရက်
မတ်လ(၃၁)ရက်နေ့တွင် နိုင်ငံတော်သမ္မတ ရှေ့မှောက်၌ အပစ်အခတ်ရပ်စဲရေးမူကြမ်းကို UPWC နှင့် NCCT နှစ်ဖက်သောအဖွဲ့များမှ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ပါသည်။ ဤသည်မှာ ငြိမ်းချမ်းရေး၊ ညီ ညွတ်ရေး နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ပင်လုံစိတ်ဓာတ်ဖြင့် လွှမ်းခြုံအပ်သော သမိုင်းဝင် ခြေလှမ်းတစ်ရပ်ဟု ကျွန်ုပ်တို့NDF ပါတီက မှတ်ယူပါသည်။
ဤသမိုင်းဝင် ခြေလှမ်းကို ငြိမ်းချမ်းရေးအား မြတ်နိုး သူ၊ နိုင်ငံနှင့်ပြည်သူတစ်ရပ်လုံး၏ ကောင်းကျိုး ချမ်းသာများ ကို မြင်တွေ့နေလိုသူ မည်သူမဆို ကြိုဆိုကြမည် မလွဲဟူ၍လည်း ယုံကြည်ပါသည်။
တစ်ဖန်တွင်လည်း ဤအပစ်အခတ်ရပ်စဲရေးမူကြမ်းကို တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် (NCA)ကို လက်မှတ်မထိုးမီ ပြည်သူများကို ချပြသွားမည်ဟု (NCCT) တာဝန်ရှိခေါင်းဆောင်များက ထုတ် ဖော် ပြောကြားကြ ပါသည်။ ဤသို့သော ထုတ်ဖော်ပြောဆိုမှုများသည် အပစ်အခတ်ရပ်စဲရေး မှသည် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် လက်နက်ကိုင်ထားသူများအတွက်သာ မဟုတ်တော့ ဘဲ တိုင်းရင်း သားပြည်သူ တစ်ရပ်လုံးနှင့်ပါ သက်ဆိုင်သည်ကို အတိအလင်းဖော်ပြရာ ရောက်ပါသည်။ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးသည် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ အတွက်ထက် ပြည်သူများ အတွက် ငြိမ်းချမ်းရေး ဖြစ် သည်ဟူသောသဘော သက်ဝင်လာ ပြီဖြစ်၍ ဤသဘောထားကို ကျွန်ုပ်တို့ NDF ပါတီမှ လေးနက်စွာ ထောက်ခံ ကြိုဆိုလိုက်ပါသည်။
ဤ၍ဤမျှ အခက်အခဲများကို ကျော်လွှား၍ ပေါင်းစုကြိုးပမ်းမှုကြောင့် လက်ဝယ်ရရှိခဲ့သည့် မူကြမ်းဖြင့် နိုင်ငံနှင့် လူမျိုးများ အားလုံးတို့၏ အကျိုးကို ရှေ့ရှု၍ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ အနေဖြင့်လည်း ပြည်သူများ၏ ငြိမ်းချမ်းရေးလိုလားမှုကြီးကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ကျွန်ုပ်တို့NDF ပါတီမှ ရိုးသားစွာ ထင်မှတ်လျှက် ရှိပါသည်။
သို့ဖြစ်ရာ နိုင်ငံရေးစေတနာ၊ ပြည်သူ့အတွက် ငြိမ်းချမ်းရေးရစေရေး စေတနာတို့၏ စေ့ဆော်မှုဖြင့် ယနေ့၊ ယခု ဆုပ်ကိုင်ထားနိုင်ပြီဖြစ်သော အပစ်အခတ်ရပ်စဲရေးစာချုပ်(မူကြမ်း) ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီ( UPCC)နှင့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များကကတိက၀တ်များကိုထိန်းသိမ်းသယ်ဆောင်၍ ငြိမ်းချမ်းရေးခရီး ဖြောင့်ဖြူးစေရန် စိတ်ဝမ်းညီညွတ်စွာဖြင့်အကောင် အထည်ဖော် ဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းအပ် ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
  FROM:::::::::::: Myanmar Peace Center

No comments:

Post a Comment