Sunday, April 5, 2015

မလေးရှား ဝန်ကြီးချုပ် သမီး မင်္ဂလာဆောင်ကြို/ ပို့ ရဟတ်ယာဉ် ပျက်ကျ

ကွာလာလမ်ပူ၊ ဧပြီ ၅
မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက်ခ်၏ သမီး မင်္ဂလာပွဲမှနေ၍ အထူးဧည့်သည်တော်များကို ပြန်လည်ပို့ဆောင်သော ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ ဝန်ကြီးချုပ်ရုံး အကြီးအကဲ အပါအဝင် ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ ခြောက်ဦးစလုံး သေဆုံးသွားခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါ ပျက်ကျသွားသော ရဟတ်ယာဉ်သည် ပြီးခဲ့သော စနေနေ့က ဝန်ကြီးချုပ်၏ သမီး မင်္ဂလာပွဲ ကျင်းပရာ ပီခန်းမြို့မှ နေ၍ ကွာလာလမ်ပူမြို့သို့ ပျံသန်းစဉ် ကွာလာလမ်ပူ မြို့ပြင်ရှိ မြို့ငယ်လေးတစ်မြို့ ဖြစ်သော ဆန်မယီမြို့သို့ အရောက်တွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။
ထိုရဟတ်ယာဉ် ပျက်ကျမှုကြောင့် ဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ ဝန်ကြီးချုပ်ရုံး အကြီးအကဲ အက်ဇလင်အေလီယက်စ်နှင့် လက်ရှိ အာဏာရပါတီ၏ အကြီးတန်းအဖွဲ့ဝင်နှင့် လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်၊ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မလေးရှား သံအမတ်ဟောင်းလည်း ဖြစ်သော ဂျမာလူဒင်ဂျာဂျစ် အပါအဝင် ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ ခြောက်ဦးစလုံး သေဆုံးခဲ့ရသည်ဟု ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။
ရဟတ်ယာဉ်သည် ပြီးခဲ့သော စနေနေ့ညနေပိုင်းက ဆန်မယီမြို့ပေါ်သို့ ဖြတ်၍ ပျံသန်းစဉ် လေထဲ၌ပင် ပေါက်ကွဲသွားပြီး အပျက်အစီး အပိုင်းအစများသာ မြေပေါ်သို့ ကျလာခဲ့သည်ဟု မျက်မြင်တွေ့လိုက်ရသူများက ပြောကြားသည်။
ယခုကဲ့သို့ ဝမ်းနည်းဖွယ် ရဟတ်ယာဉ် ပျက်ကျမှုကြောင့် မလေးရှားနိုင်ငံအတွက် အရေးပါသူများကို ဆုံးရှုံးလိုက်ရသဖြင့် အလွန်ဝမ်းနည်းကြေကွဲရကြောင်း၊ ရဟတ်ယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို အမြန်ဆုံးဖော်ထုတ်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် နာဂျစ်ရာဇက်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ ဒီကြေကွဲဖွယ် ဖြစ်ရပ်မှာ အစိုးရအဖွဲ့၊ ပါတီနဲ့ တိုင်းပြည်အတွက် အလွန်ကြီးကျယ်ခမ်းနားတဲ့ ကူညီထောက်ပံ့မှုတွေ ပေးအပ်ခဲ့သူ နှစ်ဦးကို ဆုံးရှုံးလိုက်ရပါတယ်” ဟု နာဂျစ်ရာဇက်က ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်ပွားပြီးနောက် ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်ထဲတွင် ပြောကြားထားသည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စုဆိုင်ရာ မလေးရှား သံအမတ်ဟောင်း ဖြစ်သူ ဂျမာလူဒင်ဂျာဂျစ်သည် အမေရိကနှင့် မလေးရှား ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူ ဖြစ်သည်ဟုလည်း ဝန်ကြီးချုပ် နာဂျစ်ရာဇက်က ပြောကြားခဲ့သေးသည်။
ရဟတ်ယာဉ် ပျက်ကျမှုတွင် သေဆုံးခဲ့ရသော အခြားသူလေးဦးမှာ ဂျမာလူဒင်ဂျာရစ်၏ သက်တော်စောင့် မိုဟက်ဒ်ရက်ဇ်ကန်၊ စီးပွားရေးလုပ်ငန်းရှင် ရောဘတ်တန်၊ ရဟတ်ယာဉ်မှူး ကလစ်ဖို့ဒ်ဖိုးနီးယား၊ တွဲဖက်ရဟတ်ယာဉ်မှူး အိုက်ဒီယာနာဘိုင်ဇီရာတို့ ဖြစ်သည်။
ရဟတ်ယာဉ် ပျက်ကျသည့် အကြောင်းရင်းကို စုံစမ်းဖော်ထုတ်နိုင်ရန်အတွက် ရဟတ်ယာဉ်၏ ကိုယ်ထည်ကို ဗြိတိန်သို့ ပို့ဆောင်စစ်ဆေးသွားမည်ဟု မလေးရှား ပို့ဆောင်ရေးဝန်ကြီးက တနင်္ဂနွေနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။
https://www.facebook.com/thevoiceweekly/photos/a.164790403541227.32157.158797964140471/936458403041086/?type=1&theater

No comments:

Post a Comment