Wednesday, April 1, 2015

ပင်လယ်ပြင်အတွင်း သဲမဟာတံတိုင်းတစ်ခု တရုတ် တည်ဆောက်နေဟု အမေရိကန် ရေတပ်သေနာပတိ ပြောကြား

တရုတ်သည် တောင်တရုတ်ပင်လယ် ရေပြင်၌ သဲမဟာတံတိုင်း တစ်ခုကို ရည်ရွယ်ချက်ရှိရှိ တည်ဆောက်နေကြောင်း အမေရိကန်ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားလိုက်သည်။
တောင်တရုတ် ပင်လယ်အတွင်း ရေပိုင်နက် အငြင်းပွားမှုများ ဖြစ်ပေါ်နေရာ စပရတ်လီစ် ကျွန်းစုနှင့် အနီးတဝိုက်တွင် တရုတ်က သန္တာကျောက်တန်း အတုများ တည်ဆောက်ပြီး ပိုင်နက်သတ်မှတ်ရန် ကြိုးစားနေမှုကို တရုတ်နိုင်ငံ၏ နာမည်ကျော် မဟာတံတိုင်းကြီးနှင့် ခိုင်းနှိုင်းပြီး အမေရိကန်၏ ပစိဖိတ်ရေတပ် သေနာပတိ ဟယ်ရီဟားရစ်က မှတ်ချက် ပြုခဲ့ခြင်း ဖြစ်သည်။


တရုတ်အနေဖြင့် သဲဖုံးသော သန္တာကျွန်းတုများဖြင့် ၎င်း၏ ရေပိုင်နက် နယ်နိမိတ် သတ်မှတ်ချက်ကို ကာရံ စည်းခြားရန် ကြိုးပမ်းနေကြောင်း စွပ်စွဲမှုများ ရှိနေချိန်တွင် ဟားရစ်က အဆိုပါ လုပ်ရပ်အပေါ် မေးခွန်းထုတ်လာခဲ့သည်။ မတ်လ ၃၁ ရက် ညပိုင်းက ဩစတြေးလျတွင် မိန့်ခွန်းပြောစဉ် ဟားရစ်က ယင်းအချက်ကို ထောက်ပြသွားခဲ့သည်။
တရုတ်သည် တောင်တရုတ် ပင်လယ်အတွင်း ကျွန်းစုများ ပိုင်ဆိုင်ရေးအတွက် ဒေသတွင်း အိမ်နီးချင်း နိုင်ငံများအပေါ် ပြတ်ပြတ်သားသား အသာစီး ယူရန် ကြိုးပမ်းနေပြီး ယင်းအခြေအနေက ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်တို့ အပါအဝင် နိုင်ငံအချို့နှင့် တရုတ်နိုင်ငံအကြား တင်းမာမှုများ ရှိလာစေသည်။
ဟားရစ်က “တရုတ်ဟာ လွန်တူးစက်တွေ၊ ဘူဒိုဇာတွေ သုံးပြီးတော့ သဲမဟာတံတိုင်း တစ်ခုကို လပေါင်းအတော်ကြာ ကတည်းက တည်ဆောက်နေခဲ့တာပါ။ တရုတ်ရဲ့ ရည်မှန်းချက်က ဘာလဲ။ ဒါဟာ အရမ်းကို အလေးအနက် ထားရမယ့် မေးခွန်းပါ။ တရုတ် အနေနဲ့ အိမ်နီးချင်း နိုင်ငံတွေအပေါ် ရန်စတဲ့ လှုပ်ရှားမှုမျိုး မဖြစ်အောင်တော့ ထိန်းသိမ်းသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
ရေပိုင်နက် ပြဿနာနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်က ကုလသမဂ္ဂ၏ စေ့စပ်ရေး ခုံသမာဓိရုံးသို့ အရေးဆို တိုင်ကြားထားသော်လည်း တရုတ်ဘက်ကမူ အဆိုပါ ဖြစ်ရပ်အတွက် မိမိတို့ဘက်က လာရောက် ဖြေရှင်းမည် မဟုတ်ဟု တုံ့ပြန်ထားသည်။ ပြီးခဲ့သည့် နှစ်ကလည်း ရေပိုင်နက် အငြင်းပွားနေရာ ကမ်းလွန်ဒေသတွင် တရုတ် ရေနံတူး မျှော်စင်တစ်ခု တည်ဆောက်သဖြင့် ဗီယက်နမ်တွင် တရုတ်ဆန့်ကျင်ရေး အုံကြွလှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့သည်။
_Ref: BBC
 FROM::::::: 7daydaily
http://7daydaily.com/story/34888#.VRwAsfCP8Qo

No comments:

Post a Comment