Saturday, March 5, 2016

မြစ်ဆုံစီမံကိန်း ပြည်သူများ လက်ခံလာစေရန်ရှင်းပြမည်ဟု တရုတ်သံအမတ်ဆို

ရန်ကုန်၊ မတ် ၅

ကချင်ပြည်နယ်တွင် တရုတ်စွမ်းအင်ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း(CPI)က အကောင်အထည် ဖော်နေ သည့် မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်း ကို မြန်မာပြည်သူများ လက်ခံလာစေရန် ရှင်းပြမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံ အမတ် Mr. Hong Liang က မတ်လ ၄ ရက်၊ ညပိုင်းက အဆိုပါသံအမတ်နေအိမ်တွင် သံအမတ်နှင့်မီဒီယာများ တွေ့ဆုံပွဲ၌ ပြောကြားသည်။ 

လက်ရှိအစိုးရလက်ထက် ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ အစိုးရသစ်လက်ထက် တွင် ပြည်သူ များနှင့်အစိုးရက ဆက်လက်ရပ် ဆိုင်းပေးရန် တောင်းဆိုလာပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေနှင့် မည်သို့ဆောင်ရွက်မည်ဆိုသော The Voice ၏မေးခွန်းအပေါ် Mr. Hong Liang က စကားပြန် မှတစ်ဆင့် ဖြေကြားခြင်းဖြစ်သည်။


“ပြည်သူလူထုက လက်မခံဘူးဆိုရင် ဒီစီမံကိန်းက အကောင်အထည်ဖော်လို့ မရပါဘူး။ သို့သော်လည်းပဲ ဒီစီမံ ကိန်းက ပြည်သူလူထုအတွက် အကျိုးပြုနိုင်တဲ့ အရေးကြီးတဲ့အချက်တွေကို ရှင်းရှင်းလင်း လင်း ပြောကြားဖို့ လို ပါတယ်။ သတင်း အချက်အလက်၊နည်းပညာတွေသိအောင် လုပ်မယ်။ ဒါမှ ဒါတွေကို သိပြီး ပြည်သူတွေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ထုတ်နိုင်မှာပါ။ အဲဒီအတွက် လည်း ကျွန်တော်တို့ဟာ NLD ပါတီအစိုးရနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆွေးနွေးမှာပါ”ဟု ၄င်းက ဆိုသည်။

မြစ်ဆုံစီမံကိန်းသည် နှစ်နိုင်ငံစီးပွားရေးအတွက်ဖြစ်ပြီး မူဝါဒအရ ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းရန်လိုကြောင်း၊ စီမံကိန်း ရပ်ဆိုင်းခံရပြီးနောက် တရုတ်ကုမ္ပဏီအချို့ ဆုံးရှုံးမှုများရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် ချစ်ကြည်ရင်းနှီးမှုကို ပထမဦးစားပေးပြီး စီးပွားရေးအကျိုးအမြတ်ကို ဒုတိယဦးစားပေးကြောင်း၊ စီမံကိန်းနှင့် ပတ်သက်၍ လျော်ကြေးတောင်း မည်ဆိုသည့် အခြေအနေမရောက်နိုင်ကြောင်း ၄င်းက မီဒီယာများကို ရှင်းလင်းပြောကြားသည်။

လက်ရှိအစိုးရထံမှ အာဏာလွှဲပြီး နှစ်လအကြာ မေလအတွင်း မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ ပိုင် CPI ဥက္ကဋ္ဌမှာ အမျိုးသား ဒီမိုကရေစီအဖွဲချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ကြိုးစားနေကြောင်း ယင်းကုမ္ပဏီတာဝန်ရှိသူများနှင့် The Voiceတို့ ဘေဂျင်းတွင် တွေ့ဆုံစဉ် ပြောကြား ထားသည်။

တရုတ်အစိုးရနှင့် မြန်မာအစိုးရတို့ကြား ဒေါ်လာသန်း သုံးထောင့်ခြောက်ရာ တန်ဖိုးရှိ မြစ်ဆုံဆည်ရေအား လျှပ်စစ်စီမံကိန်း တည်ဆောက်ရန် ၂ဝဝ၆ ခုနှစ်က သဘောတူခဲ့ပြီး ၂ဝဝ၉ ခုနှစ်တွင် စတင်အကောင် အထည်ဖော် ခဲ့ခြင်းဖြစ်ရာ ဆည်တည် ဆောက်ရာတွင် သဘာဝပတ်ဝန်း ကျင်နှင့် ဒေသခံများအတွက် ထိခိုက်မှုများရှိနိုင်ခြင်းကြောင့် နိုင်ငံရေးပါတီများ၊ ဒေသခံများနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင် ရွက်နေသူများက ရပ်တန့်ပေးရန် ကန့်ကွက်ခဲ့ကြသည်။

ဓာတ်ပုံ - MM Photo

No comments:

Post a Comment