Saturday, March 5, 2016

ကိုယ်စားလှယ် အခြေပြု Mobile Banking စနစ်စတင် အသုံးပြုနိုင်တော့မည်

 ၆-၃-၂၀၁၆

မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)သည် ၎င်းတို့၏ ကိုယ်စားလှယ် အခြေပြု Mobile Banking ကို မတ် ၁၅ ရက်တွင် စတင်အသုံးပြု နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

''တခြားဘဏ်က Mobile Banking တွေနဲ့ ကွာတာက ကျွန်တော်တို့ ကိုယ်စားလှယ်တွေကို အခြေပြုတာ ကွာတယ်။ နောက်ပြီး ဝန်ဆောင်ခ ဈေးသက်သာတာ ကွာမယ်။ Mobile Banking စာရင်းထဲကငွေကို ATM စက်ထဲကနေ ထုတ်ယူလို့ ရတာကွာမယ်'' ဟု မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမင်းခိုင်က ပြောသည်။


လက်ရှိတွင် MAB ဘဏ်သည် ကိုယ်စားလှယ်ပေါင်း ၅ဝဝ နှင့်အတူ Mobile Banking ဝန်ဆောင်မှုကို စတင်ဝန်ဆောင်မှု ပေးမည်ဖြစ်ပြီး ငွေလွှဲပြောင်းမှု ဝန်ဆောင်ခများကို ငွေကျပ် ၁ဝဝ မှ ၅ဝဝ အတွင်း သတ်မှတ်ထားသည်။ MAB ၏ Mobile Banking ဝန်ဆောင်မှုသည် ဘဏ်ရှိ လက်ရှိ စာရင်း၊ ငွေစုစာရင်းများနှင့် ချိတ်ဆက်နိုင်သည့် အပြင် ၎င်းတို့၏ ATM စက်များ၌ ငွေကြေးပြန်လည် ထုတ်ယူနိုင်ခြင်း၊ ဘဏ်စာရင်းနှင့် Mobile Banking စာရင်း မရှိသော သူများထံသို့လည်း ငွေကြေး လွှဲပြောင်းနိုင်မည် ဖြစ်သည်။

MAB ၏ Mobile Banking ဝန်ဆောင်မှုသည် အင်တာနက် စနစ်ကို အခြေခံခြင်း မဟုတ်ဘဲ SMS စနစ်ကို အခြေခံ ထားခြင်းဖြစ်ပြီး Keypad ဖုန်းများမှ စတင်၍ Smart ဖုန်းများအထိ အသုံးပြုနိုင်မည် ဖြစ်သည်။ လုံခြုံမှု စနစ်ကိုလည်း နှစ်ဆင့်တည်ဆောက် ထားသဖြင့် နည်းပညာပိုင်း ဆိုင်ရာအနေဖြင့် အာမခံနိုင် မည် ဖြစ်သည်။

လက်ရှိတွင် MAB ဘဏ်၏ Super ကိုယ်စားလှယ် နှစ်ဖွဲ့ဖြစ်သည့် MDG Mobile နှင့် Adept တို့မှ Mobile Banking ဝန်ဆောင်မှုအတွက် ငွေသွင်း၊ ငွေထုတ် ပြု လုပ်ပေးနိုင်မည့် ကိုယ်စားလှယ် များကို လိုက်လံ ချိတ်ဆက်လျက် ရှိပြီး လာမည့် သုံးနှစ်အတွင်း ကိုယ်စားလှယ်ပေါင်း ၁ဝဝဝဝ အထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။

“MAB Mobile Banking ကို ဖုန်းမျိုးစုံ၊ ဆင်းကတ်မျိုးစုံ တို့နဲ့ အသုံးပြုလို့ ရပါတယ်။

Keypad ဖုန်းဖြစ်ဖြစ်၊ Smart ဖုန်းဖြစ်ဖြစ် အသုံးပြုလို့ရပြီး Micro SIM တို့ Nano SIM တို့လို SIM Card အသစ်တွေနဲ့လည်း သုံးလို့ရပါတယ်။ ကျွန်တော်တို့ရဲ့ MAB Mobile Banking ဟာ အသုံးပြုသူတွေ အတွက် လွယ်ကူပြီး လက်တွေ့ အသုံးဝင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်'' ဟု မြန်မာ့ ရှေ့ဆောင် ဘဏ်၏ Mobile Banking ဝန်ဆောင်မှု အဖွဲ့မှ အကြီးအကဲဖြစ်သူ Mr.Wong Hok Siong ကပြောသည်။
MAB Mobile Banking ၏ မိုဘိုင်းလ် Application များကို မြန်မာ၊ အင်္ဂလိပ်နှင့် တရုတ် ဘာသာစကား သုံးမျိုးဖြင့် ဖတ်ရှုအသုံးပြုနိုင်ရန် စီစဉ်ပေးထားကာ မိုဘိုင်းလ် ဝန်ဆောင်မှု လုပ်ငန်း၏ အထွေထွေ မေးမြန်း မှုနှင့် Customerservice ဝန်ဆောင်မှု အတွက် 24/ 7 Call Center ကိုလည်း မြန်မာ့ ရှေ့ဆောင်ဘဏ်မှ ဖွင့်လှစ်ပေးထားသည်။

MAB Mobile Banking အသုံးပြုသူ များသည် ငွေပေးချေမှုများ အနေဖြင့် ဈေးဝယ် စင်တာများ၊ စတိုးဆိုင်များ၊ ခရီးသွား ကုမ္ပဏီများ၊ အွန်လိုင်း ဈေးဝယ်မှုများ၊ ရုပ်ရှင် လက်မှတ်များနှင့် ရုံးဌာနများ သို့ ငွေပေးချေမှုများ အစရှိသည် တို့ကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ထပ်မံ၍ ဆောင်ရွက်နိုင်သည့် ဝန်ဆောင်မှု တစ်ခုမှာလည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး စသည့် မြို့ကြီးများ၌ ရုံးဌာနများသို့ သွားစရာမလိုဘဲ မီတာခများကို ပေးဆောင်နိုင်သည့် အစီအစဉ်ကိုလည်း MAB Mobile Banking စနစ်သုံးစွဲကာ လုပ်ဆောင်နိုင်ရန် ဆောင်ရွက် ထားကြောင်း သိရသည်။

No comments:

Post a Comment